ယဉ်ကျေးမှုမြို့တော်လို့ တင်စားကြလေ့ရှိတဲ့ ရှေးမြန်မာတွေ နောက်ဆုံးထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့နဲ့ ပတ်သက်ပြီး အခုတလော အသုံးအနှုန်းတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပါတယ်။ အဲဒါက စမတ်စီးတီးဆိုတာပါပဲ။
ပြီးခဲ့တဲ့မတ်လက ကျင်းပခဲ့တဲ့ (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံ စမတ်စီးတီးကွန်ရက် ASCN ကိုဖွဲ့ဖို့ အကြံပြုတိုက်တွန်းခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက မြို့ပေါင်း ၂၆ မြို့ကို စနစ်ကျပြီး စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးတဲ့ မြို့တွေဖြစ်လာဖို့ ရည်ရွယ်ချက်ထားပြီး နည်းပညာကို အသုံးပြုကာ အာဆီယံအဖွဲ့ဝင် နိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝ ပိုတိုးတက်လာစေဖို့ ဖြစ်ပါတယ်။
ဒီမြို့ပေါင်း ၂၆ မြို့ထဲကနေ စမတ်စီးတီးအဖြစ် အလားအလာအကောင်းဆုံး ရှိနေတဲ့မြို့ ၁၀ မြို့ကို CIO Asia.com ရဲ့ အွန်လိုင်းအယ်ဒီတာCristina Lagoက သုတေသနလုပ်ပြီး ပြီးခဲ့တဲ့လက ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ဗီယက်နမ်နိုင်ငံက ဟနွိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံက ဂျကာတာ၊ မလေးရှားက ကွာလာလမ်ပူ၊ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ဘန်ကောက်၊ အင်ဒိုနီးရှားက မကာဆာ၊ ဗီယက်နမ်က ဒါနန်း၊ ဖိလစ်ပိုင်က နယူးကလာ့စီးတီးတို့နဲ့အတူ မြန်မာနိုင်ငံက မန္တလေးမြို့တို့ ပါလာပါတယ်။
စမတ်စီးတီးဆိုတာက ဘာလဲ၊ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ဇာတ်ကားတွေထဲကလို နေရာတကာမှာ ခေတ်မီစက်ယန္တရား ကိရိယာတွေ၊ အလိုအလျောက်စနစ်တွေနဲ့ လည်ပတ်အသက်ဝင်နေတဲ့ မြို့ကြီးလားလို့ မေးခွန်းထုတ်ချင်သူတွေအတွက် စမတ်စီးတီးဆိုတာဟာ လူတွေချမ်းသာလို့ ဇိမ်ကျကျအသုံးပြုနိုင်လို့ သုံးစွဲတာမဟုတ်ဘဲ နည်းပညာကို အသုံးပြုပြီး လူထုအတွက် ဝန်ဆောင်မှုပေးရာမှာ အစစအရာရာ ပိုအဆင်ပြေ မြန်ဆန်အောင် လုပ်ဆောင်ပေးခြင်းသာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက ပြောပါတယ်။ အိုင်တီပညာရှင်ဖြစ်တဲ့ ဦးရဲမြတ်သူဟာ မန္တလေးမြို့တော် စမတ်စီးတီးအရာရှိချုပ်အဖြစ် တာဝန်ပေးခံထားရသူလည်း ဖြစ်ပါတယ်။
"အဓိကက ကျွန်တော်တို့ဆီမှာ ပြဿနာက တစ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုကိစ္စပဲ။ ဥပမာ - အမှိုက်ကိစ္စ၊ အခုဆို မန္တလေးမှာ အမှိုက်တန်က တစ်ရက်ကို ထောင်ချီလာပြီ။ ပြီးတော့ အရင်းအမြစ်မလုံလောက်တဲ့ ကိစ္စတွေ။ ဥပမာ ¼ လျှပ်စစ်ဆိုရင် အိမ်ခြေလူဦးရေ၊ အသုံးပြုတဲ့ပစ္စည်းတွေ တိုးလာပေမဲ့ လိုအပ်တဲ့အရင်းအမြစ်တွေ တိုးမလာဘူး။ ရေဆိုးထုတ်စနစ်တွေဆိုလည်း ဒီအတိုင်းပဲ။ ဒီလိုအပ်တဲ့ အရင်းအမြစ်တွေအတွက် နည်းပညာနဲ့ အချက်အလက်ကို အခြေခံထားတဲ့ အစီအမံတွေ လိုအပ်ပါတယ်"လို့ ဦးရဲမြတ်သူက ပြောပါတယ်။
မန္တလေးဟာ လက်ရှိမှာ အရင်ကနဲ့မတူတဲ့ ပြောင်းလဲမှုတွေအဖြစ် နည်းပညာတွေ အသုံးပြုပြီး မီးပွိုင့်တွေမှာ ယာဉ်တွေသွားလာမှုကို ပိုအဆင်ပြေချောမွေ့အောင် ထိန်းချုပ် ပေးတာ၊ မီးပွိုင့်တွေမှာ စီစီတီဗီတွေတပ်ထားပြီး ထိန်းချုပ်ခန်းကနေ စောင့်ကြည့် မှတ်တမ်းတင်တာ၊ အမှိုက်ကားတွေမှာ ဂျီပီအက်စ်စနစ်တွေ တပ်ထားပြီး အမှိုက်သိမ်းကားတွေ သူတို့သွားရမယ့်လမ်းကြောင်းအတိုင်း သွားမသွား စောင့်ကြည့်တာ၊ အိမ်ရှေ့လမ်းမပေါ်မှာ စည်ပင်ဝန်ထမ်းက ဖြတ်လျှောက်သွားတာနဲ့ အိမ်ဝင်းထဲမှာ တပ်ဆင်ထားတဲ့ ရေမီတာကို အလိုအလျောက်ဖတ်ရှုနိုင်တဲ့စနစ်ကို မြို့နယ်တချို့မှာ စတင်သုံးနေတာတွေ ရှိလာပါတယ်။
"ကျွန်တော်တို့ ယာဉ်ကြောထိန်းချုပ်မှု အစီအမံတွေလုပ်တယ်။ ဒါတွေလုပ်တာက ဇိမ်ခံဖို့မဟုတ်ပါဘူး။ တကယ့်လိုအပ်ချက်အရ သုံးရတာပါ။ အမှိုက်ထွက်တာတွေ များလာတယ်။ ဒါပေမဲ့ အမှိုက်ပုံးတွေ အများကြီးချလို့ မရဘူး။ လူအင်အား အများကြီးသုံးရရင် မကိုက်ဘူး။ အမှိုက်ကို မနခပခူန (ပြန်သန့်စင် အသုံးပြုခြင်း)နဲ့ ချိတ်ဆက်ဖို့ လိုပါတယ်။ ဒီပြဿနာတွေ ဖြေရှင်းဖို့ နည်းပညာမပါလို့မရဘူး"လို့ ဦးရဲမြတ်သူက ပြောပါတယ်။
တိုးတက်ပြောင်းလဲလာတာတွေနဲ့အတူ လိုအပ်ချက်တွေကလည်း များစွာရှိနေပြီး ဌာနဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ လုပ်ငန်းစဉ်တွေ ဖြေလျှော့ပေးနိုင်ဖို့လည်း လိုအပ်သေးတယ်လို့လည်း ၎င်းက ပြောပါတယ်။
"တစ်နေရာနဲ့ တစ်နေရာ သွားစရာမလိုအောင်၊ ရုံးတွေကို သွားစရာမလိုအောင် လုပ်ပေးနိုင်ဖို့ လိုသေးတယ်"လို့ သူက ပြောပါတယ်။
မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်ကတော့ စည်ပင်သာယာအနေနဲ့ စမတ်စီးတီးဖြစ်လာဖို့ နည်းပညာနဲ့ စတင်ဆောင်ရွက်ခြင်းဟာ ကောင်းမွန်ပြီး မလုပ်လို့မရတော့တဲ့ အခြေအနေလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ၊ ဘာတွေလိုအပ်ချက်ရှိသလဲဆိုတာကို ကွင်းဆင်းကြည့်နိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
"စည်ပင်သာယာရေးကော်မတီအနေနဲ့ အလုပ်အရမ်းလုပ်ပါတယ်။ ဒါပေမဲ့ မြို့လူထုနဲ့ ပိုထိတွေ့မှုရှိစေလိုပါတယ်။ ဥပမာ - အမှိုက်သိမ်းယာဉ်တွေမှာ ဂျီပီအက်စ်စနစ် တပ်ထားတာတွေရှိပေမဲ့ တချို့ဆင်ခြေဖုံးရပ်ကွက်တွေမှာ အမှိုက်သိမ်းယာဉ် မရောက်တာမျိုးတွေ ရှိနိုင်တယ်။ လိုအပ်ချက်အရ တချို့မီးပွိုင့်တွေ ရှိနေပေမဲ့ မလိုအပ်ဘဲ ရှိနေတဲ့နေရာတွေရှိမယ်။ မြို့လယ်ကောင် ကျုံးပတ်ဝန်းကျင်မှာပဲ မျက်နှာပန်းလှတာမျိုးမဟုတ်ဘဲ၊ ကားစီးတဲ့လူတန်းစားအတွက်ပဲ စမတ်စီးတီး ဖြစ်နေတာမျိုးမဟုတ်ဘဲ စက်ဘီးစီးတဲ့၊ လမ်းလျှောက်တဲ့ လူတန်းစားအတွက်လည်း စမတ်စီးတီးဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားသွားကြရမှာပါ"လို့ ဆရာဆူးငှက်က ပြောပါတယ်။
ဥပမာ - မြောင်းဖုံးတွေ၊ လူတွေလမ်းလျှောက်ဖို့ ပလက်ဖောင်းတွေကအစ စမတ်စီးတီးအတွင်းမှာ တစ်စိတ်တစ်ပိုင်းပါနိုင်ပြီး ယဉ်ကျေးမှု မြို့တော်အဖြစ် သတ်မှတ်လာကြတဲ့ မြို့အတွက်ဆိုရင် လူထုနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အမှတ်အသားတွေ၊ လက်ရန်း၊ လမ်းမှတ်တိုင်တွေကအစ ပုံစံဆင်တူတွေ ဖြစ်စေသင့်တယ်လို့ ၎င်းက အကြံပြုပါတယ်။
ဦးရဲမြတ်သူကတော့ မြို့လှပဖို့ဟာ လူထုရဲ့ဝင်ငွေနဲ့လည်း သက်ဆိုင်ပြီး ပိုက်ဆံချမ်းသာတဲ့ (ဝင်ငွေကောင်းသူတွေနေထိုင်တဲ့) မြို့ဟာ တောက်ပသန့်ရှင်းနေတဲ့ မြို့တွေလို့ မှတ်ချက်ပေးပါတယ်။
"စည်ပင်ဆိုတာက အုပ်ချုပ်တဲ့ အစိုးရဆိုတာထက် ပြည်သူကို ဝန်ဆောင်မှုပေးဖို့ရာပါပဲ။ ပြည်သူရဲ့အခွန်နဲ့ လုပ်ရတာ။ လူထုက ယုံကြည်ရင်တော့ လိုက်ပြောင်းလာမှာပဲ"လို့ စမတ်စီးတီးအဖြစ် အပြည့်အဝ တက်လှမ်းဖို့အရေးမှာ အခြေခံလိုအပ်ချက်တွေ ရှိနေဆဲဖြစ်တဲ့ မန္တလေးမြို့အတွက် သူကပြောပါတယ်။
Ref: Myanmar Times News